About

Wednesday, March 5, 2014

ရတနာပုံနှင့် True Corp ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

Thiha Htike | 7:44 AM | Best Blogger Tips



မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည့် ရတနာပုံ အများပိုင်ကုမ္ပဏီနှင့် ထိုင်းအခြေစိုက် နာမည်ကျော်ဆက်သွယ်ရေး လုပ်ငန်းစုကြီး True Corporation တို့ အကျိုးတူပူးပေါင်းပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားရန် ပြင်ဆင်နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် အကြီးဆုံးဆက်သွယ် ရေးကုမ္ပဏီဖြစ်သည့် True Corp သည် ရတနာပုံ အများပိုင်ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ရတနာပုံ အများပိုင်ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးကလည်း The Voice သို့ အတည်ပြု ပြောကြားသည်။
လက်ရှိ ဆွေးနွေးနေမှုများ အပြီးသတ်နိုင်ခဲ့ပါက ရတနာပုံက ၅၁ ရာခိုင်နှုန်း နှင့် True Corporation က ၄၉ ရာခိုင်နှုန်းစီ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ၁၅ နှစ်ကြာ ပူးပေါင်းလုပ်ကိုင်သွားမည် ဖြစ်ကြောင်း ရတနာပုံ အများပိုင်ကုမ္ပဏီထံမှ သိရှိရသည်။
“လောလောဆယ် ကျွန်တော်တို့ ဆွေးနွေးနေဆဲပါ။ အောင်အောင်မြင်မြင် ပြီးသွားရင် ကုမ္ပဏီဘုတ်အဖွဲ့နဲ့ SET (Stock Exchange of Thailand) တို့ကို အသိပေးပြီး ကြေညာသွားပါမယ်” ဟု True Corporation မှ ဘဏ္ဍာရေးအရာရှိချုပ် Noppadol Dej-Udom က ပြောကြားသည်။
ရတနာပုံ အများပိုင် ဆက်သွယ်ရေး ကုမ္ပဏီသည် ယခုလ (မတ်လ) အတွင်း မိုဘိုင်းလ် ဆက်သွယ်ရေး လိုင်စင်ရယူရန် စီစဉ်ထားပြီး ယခု နှစ်လယ်ပိုင်းတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင် ပေးအပ်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။
“လက်ရှိမှာ သူတို့က အားအနည်းဆုံးလို ဖြစ်နေတော့ သူတို့လည်း အကောင်းဆုံး ပြင်ဆင်နေတာ ဖြစ်မှာပါ။ ပြိုင်ဘက် တွေကလည်း အင်အားကြီးတော့ သူတို့အနေနဲ့ လုပ်သင့်တာကို လုပ်တာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစား အရာရှိ ဦးသန်းဦးက ဆိုသည်။
အခြား ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းတစ်ခု ဖြစ်သည့် MPT ကလည်း အရင်းအနှီးနှင့် နည်းပညာပိုင်း ထပ်မံတိုးချဲ့ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများကို ရွေးချယ်နေပြီး ယခုလအတွင်း အတည်ပြု ကြေညာဖွယ် ရှိသည်။



Ref & Credit: The Voice Weekly


Thihahtike

 

0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here